ကိုယ်ဝန်ဆောင်တွေ မဖြစ်မနေ ခွဲမွေးဖို့ လိုမယ့် အခြေအနေတွေက ဘာတွေများလဲ
ကိုယ်ဝန်ဆောင်မိခင်အတွက် မီးဖွားချိန်မှာ ချမှတ်ရလေ့ရှိတဲ့ အရေးပါဆုံး အချက်တွေထဲက တစ်ခုက ရင်သွေးလေးကို ဘယ်လို မွေးဖွားမလဲဆိုတာပါ။ ခွဲမွေးမှာလား? ရိုးရိုးမွေးမှာလား? ပေါ့။ ပုံမှန်ကတော့ မိခင်က အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်မယ်။ ကျန်းမာသန်စွမ်းမယ်ဆိုရင် ရိုးရိုးမွေးတာက အဆင်အပြေဆုံးပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အိုဂျီနဲ့ တိုင်ပင်ပြီး အသင့်တော်ဆုံးဖြစ်မယ့် မွေးဖွားမှုပုံစံကို ရွေးချယ်ရမှာပါ။
ဒါပေမယ့် အချို့သော အခြေအနေမှာ မိခင်က ရွေးချယ်ခွင့်မရလိုက်ဘဲ ခွဲမွေးကို မွေးရမယ့် အခြေအနေကို ရင်ဆိုင်ရတာ မျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ ဘယ်လို အခြေအနေမှာ မဖြစ်မနေ ခွဲမွေးဖို့ လိုမလဲဆိုတာကို လေ့လာသိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ခွဲမွေးတာကို C-section လို့ ခေါ်ပြီး ဒီဖြစ်စဉ်က အနည်းငယ်ရှုပ်ထွေးပါတယ်။ ပုံမှန်အးဖြင့်ကတော့ ခွဲမွေးတာကို မလုပ်ကြပါဘူး အကြောင်းက မိခင်ရော ကလေးမှာပါ ကျန်းမာရေးအန္တရာယ် ရှိလာနိုင်တာကြောင့်ပါ။ ဒါပေမယ့် အောက်ပါ အခြေအနေမျိုးတွေဆိုရင်တော့ ခွဲမွေးဖို့ လိုအပ်မှာပါ။
အရင်က ခွဲမွေးဖူးတာ - ခွဲမွေးဖူးတဲ့ မိခင်တွေမှာလည်း ရိုးရိုးမွေးလို့ ရတယ်ဆိုပေမယ့် အရင်တစ်ခေါက်က ခွဲမွေးဖူးတာကြောင့် သားအိမ်ကွဲတာမျိုး ဖြစ်နိုင်ခြေ ရှိနေမယ်ဆိုရင်တော့ ခွဲမွေးဖို့ လိုအပ်မှာပါ။ သားအိမ်ကို ခွဲစိတ်ကုသမှု တစ်ခုခု ခံယူထားဖူးမယ်ဆိုရင်လည်း ခွဲမွေးဖို့ လိုမှာပါ။
အမြွှာမွေးတာ - ၂ မြွှာပူး၊ ၃ မြွှာပူး၊ ၄ မြွှာပူး၊ ၅ မြွှာပူး မွေးမယ့် မိခင်အနေနဲ့လည်း ကလေးအနေအထား အပါအဝင် အမျိုးမျိုးသော အခြေအနေတွေကြောင့် ကလေးကို ခွဲမွေးဖို့ လိုအပ်နိုင်ပါတယ်။
ကလေးအနေအထား - ကလေးက တင်ပဆုံပိုင်းနဲ့ မွေးလမ်းကြောင်းမှာ ထိုင်နေသလို ဖြစ်နေတာ၊ ကလေးက မွေးလမ်းကြောင်းထဲကို ခေါင်းမစိုက်တာ၊ ကန့်လန့်ဖြစ်နေတာမျိုးတွေဆိုရင်လည်း ခွဲမွေးဖို့ လိုပါမယ်။
အချင်း အနေအထား - အချင်းရှေ့ရောက်နေတာ လိုမျိုး အခြေအနေမှာဆိုရင် မွေးဖွားချိန်မှာ မိခင်မှာ သွေးသွန်တာမျိုး ဖြစ်နိုင်တာကြောင့် ခွဲမွေးဖို့ လိုသလို အချင်းက မွေးလမ်းကြောင်းကို ပိတ်သွားတဲ့ အခြေအနေမျိုးမှာလည်း ခွဲမွေးဖို့ လိုမှာပါ။
တင်ပဆုံ အရွယ်အစား - အချို့သော မိခင်တွေက တင်ပဆုံ အရွယ်အစားသေးလွန်းတာကြောင့် ကလေးကို ရိုးရိုးမွေးဖို့ အခက်အခဲ ရှိတာမျိုး ရှိနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ မိခင်ရော ကလေးပါ ထိခိုက်မှု ကင်းစေဖို့အတွက် ခွဲမွေးဖို့ လိုအပ်ပါမယ်။
ကလေးအရွယ်အစား - ကလေးအများစုက ပုံမှန်အရွယ်အစားထက် ကြီးနေတတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရိုးရိုးမွေးဖို့ ခက်ခဲတတ်ပြီး ခွဲမွေးတာက အကောင်းဆုံး ရွေးချယ်မှုပါ။
ကလေးက မွေးရာပါ ချို့ယွင်းချက် ပါတာ - ကလေးမှာ မွးရာပါ ချို့ယွင်းချက်ပါနေတာ ဥပမာ မွေးရာပါ နှလုံးရောဂါ ပါလာတာမျိုး ဆိုရင်တော့ ခွဲမွေးဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ဒါမှလည်း နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။
နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတာ - မိခင်က ဆီးချို၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတာတွေလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေမယ်ဆိုရင် ရိုးရိုးမွးဖို့ ခက်ခဲနိုင်တာကြောင့် ခွဲမွေးဖို့ လိုမှာပါ။ မိခင်မှာ HIV နဲ့ HPV လိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေ ရှိနေမယ်ဆိုရင်လည်း ခွဲမွေးတာက အကောင်းဆုံးပါ။
မီးမဖွားနိုင်တာ - မိခင်က မွေးရင်းနဲ့မှ ကလေးကို ဆက်မမွေးနိုင်တော့ဘဲ မီးဖွားချိန်ကြနေပြီဆိုရင်လည်း အရေးပေါ် ခွဲမွေးဖို့ လိုမှာပါ။
အခုလို အခြေအနေတွေမှာ ခွဲမွေးဖို့ လိုအပ်မှာပါ။
မွန်မွန်